Saturday, July 17, 2010

Pyinnyadana Toastmasters Club

ကျွန်တော်က ကျပမ်းစကားပြောပွဲအကြောင်းပို့လိုက်တော့ ကိုဌေးဝင်းနိုင်က ကောင်းသဗျာ။ ဒါထက် Pyinnyadana Toastmasters Club online လုပ်ပါလားဗျ တဲ့။ သိပ်ကောင်းတဲ့ ခေါင်းဗျာ။ ရွှေချထားဘို့ ကောင်းတယ်။
ကျွန်တော်သာ သမ္မတဖြစ်ရင် ကိုဌေးဝင်းနိုင်ကို အကြံပေးအရာရှိ ခန့်တယ်။ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်ဖြစ်လာရေးမှာလဲ သူ့အကြံဉာဏ်တွေ အများကြီး ပါတာကိုး။

သင်တန်းဆိုတာက ဘာကို ဘယ်လိုလုပ်ရတယ်လောက်ပဲ နည်းပေးနိုင်တာ။ တကယ်တတ်အောင်လုပ်ဖို့က ကိုယ်ကိုယ်တိုင် လုပ်မှ ဖြစ်မှာ။ သင်တန်းဆင်းတာနဲ့ တခါထည်းတတ်သွားတဲ့လူ ဘယ်မှာရှိလိမ့်မလဲ။ ဒီတော့ အင်္ဂလိပ်စာနဲ့ စကားကျွမ်းကျင်လာဘို့ စဉ်ဆက်မပြတ် လေ့ကျင့်နေဘို့လိုတယ်။ ဒီတော့ကာ -

ဒီလို လုပ်ကြည့်ဖို့ ကျွန်တော် စိတ်ကူးရတယ်။
ပညာဒါနဘလော့ဂ် http://pyinnyadana.blogspot.com ကို ပညာဒါန သင်တန်းသားအားလုံးနဲ့ ဆရာ၊ ဆရာမတွေ ၀င်ရေးနိုင်အောင် ကျွန်တော်ဖွင့်ပေးလိုက်မယ်။

လုပ်ရမှာက သင်တန်းသားတွေက သင်တန်းတက်နေစဉ်ကာလမှာတင် မဟုတ်ဘဲ သင်တန်းပြီးသွားတဲ့ နောက်ပိုင်းမှာရောဘဲ အင်္ဂလိပ်ဘာသာနဲ့ -

၁။ ကိုယ့်အတွေ့အကြုံ၊ ဗဟုသုတ၊ တွေးခေါ်ထင်မြင်ယူဆချက် စတာတွေကို စာစီစာကုံး/ ဆောင်းပါးရေးပြီး ဘလော့ဂ်ပေါ်တင်ပါ။ ကျန်တဲ့သူတွေက ၀ိုင်းဝန်းဝေဖန်၊ အကြံပြု၊ သိတဲ့သူတွေ၊ ဆရာ၊ ဆရာမတွေက ပြင်ဆင်တည်းဖြတ်ပေး။ ဒီလိုတော့ မရေးသင့်ဘူး။ ဒီလိုရေးရင် ပိုကောင်းမယ် စသဖြင့်ပေါ့ - လုပ်မယ်။

၂။ ဆရာမခိုင်၊ သို့မဟုတ် ကျွန်တော်က အင်္ဂလိပ်စာ မေးခွန်းတွေ တင်ပေးမယ်။ ဖြေကြည့်ကြပါ။ ကိုယ်ရလာတဲ့ အမှတ်ကြည့်ပြီး ကိုယ်ဘယ်လောက်တိုးတက်လာပြီလဲ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လို့ ရမယ်။

၃။ ကျွန်တော်တို့က ခေါင်းစဉ်တစ်ခု တင်ပေးလိုက်မယ်။ အဲဒီ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး သူ့အမြင် ကိုယ့်အမြင် ဖလှယ်ကြ။ စကားစစ်ထိုးကြ။ ဝေဖန်ကြ။ ငြင်းကြခုံကြ (အင်္ဂလိပ်လို)။

၎။ ကျွန်တော်ရနိုင်သမျှ အင်္ဂလိပ်စာ စာအုပ်တွေ၊ လေ့ကျင့်ခန်းတွေ၊ အဘိဓါန်တွေ တင်ပေးမယ်။ Download လုပ်ပြီး လေ့လာကြပါ။ တစ်ယောက်မှာရှိတဲ့ စာအုပ်ကိုလည်း နောက်တစ်ယောက်ကို ဖလှယ်ပေါ့။

၅။ အပျင်းပြေဖတ်စရာ ပုံပြင်၊ ၀တ္တု၊ ဟာသ၊ ကာတွန်းတွေလည်း တင်ပေးပါမယ်။

နောက်ကျရင် ကျပမ်းစကားပြောတာတင်မက စကားစစ်ထိုးပွဲတွေပါ လုပ်နိုင်ရင် ကောင်းမယ်။
ဒါထက်ကောင်းတဲ့ အကြံဉာဏ်တွေ လုပ်ပါဦး။

No comments:

Post a Comment