Sunday, July 11, 2010

ပညာဒါနသင်တန်း အမှတ်စဉ် (၂)

အခန်းအခက်အခဲကြောင့် လပေါင်းများစွာ ရပ်နားထားခဲ့ရသော ကျွန်တော်တို့ ပညာဒါနသင်တန်းများကို ယနေ့ ဇူလိုင် ၁၁၊ ၂၀၁၀ တွင် ပြန်လည် ဖွင့်လှစ်လိုက်ပါပြီ။ တက်ရောက်လာသော သင်တန်းသားများ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါ၏။



သင်တန်းသားများ၏ ပညာအရည်အချင်းမှာ မနိမ့်လှပါ။ တစ်ယောက်စ၊ နှစ်ယောက်စမှလွဲ၍ GTI နှင့် ဘွဲ့ရ များချည်း ဖြစ်ပါ၏။ သင်တန်း မှတ်ပုံတင်စာရွက်တွင် ပညာအရည်အချင်းထည့်ထားခြင်းမှာ ကျွန်တော်တို့ သင်ပေးရမည့် level ကို ညှိရန် ဖြစ်ပါသည်။ သိပ်လွယ်လွန်းလျှင် တန်ဘိုးထားမည် မဟုတ်သလို၊ သိပ်ခက်လွန်းပြန်ပါကလည်း မလိုက်နိုင်၍ စိတ်ပျက်သွားမှာ ဖြစ်ပါသည်။

သို့သော် မိမိတို့ ပညာအရည်အချင်းကို ဖော်ထုတ်ရမှာ ၀န်လေးနေပါသည်။ နောက်တစ်ခုက မိမိ workpass ကို မဖော်ပြချင်ကြပါ။ အခြားနေရာများတွင် ရှက်စရာ ဖြစ်ကောင်းဖြစ်ပါမည်။ သို့သော် ပညာရှာရာတွင်မူ ရိုးသားရန် လိုပါသည်။ သိလျှင် သိတယ်၊ မသိလျှင် မသိဘူး ပြောင်ပြောရပါမည်။ မသိခြင်းသည် ရှက်စရာ မဟုတ်။ မသိသူကို သိအောင်သင်ပေးလို့ရသည်။ မသိပဲနှင့် သိယောင်ဆောင်ခြင်းသာ ရှက်စရာ ဖြစ်ပါသည်။ ဤကဲ့သို့ မသိသည်ကို သိချင်ယောင်ဆောင်နေသူအား သင်ပေးဘို့ မလွယ်ပါ။ (အိပ်ချင်ယောင် ဆောင်နေသူကို အနှိုးရခက်ဘိသကဲ့သို့ပင် ဖြစ်ပါသည်။)

ပညာရည်နိမ့်သူများလည်း စိတ်ပျက်စရာမရှိပါ။ အများရှေ့တွင် မေးရမှာ ရှက်နေပါက ကျွန်တော်တို့ထံ တစ်ဦးချင်းစီ မေးလို့ရပါသည်။ ကျွန်တော်တို့မှာ ပေးချင်သူများဖြစ်သဖြင့် အားလုံးကို လက်ကမ်း ကြိုဆိုပါသည်။ မိမိတို့အခက်အခဲကို ပွင့်ပွင့်လင်းလင်း ပြောပြကြရန် လိုပါသည်။ မပြောပါက သိနိုင်မည် မဟုတ်ပါ။

နေ့လည်က အတန်းတွင် အင်္ဂလိပ်စာသင်တော့ တစ်ဦးမှာ ပညာရည်နိမ့်သဖြင့် မလိုက်နိုင် ဟု ဆိုပါသည်။ ဆရာမက သူ သီးခြားသင်ပေးပါမည် ဆိုသည်ကို မတုံ့ပြန်။ ရှက်သည်လား၊ အားနာသည်လား မဆိုနိုင်ပါ။ ကျွန်တော့်မှာ ဘာမှန်းမသိသော အခြားအလုပ်များနှင့် ရှုပ်ရှက်ခပ်နေသည်နှင့် ထိုသူ့ကို သေသေချာချာ မမေးလိုက်နိုင်ပါ။ သူကလည်း ဖုံးနံပတ်ပင် မပေးသွားပါ။

ကြိုတင်စာရင်းပေးထားသူများကို ၁၁၊ ၇၊ ၂၀၁၀ နေ့သင်တန်းဖွင့်ပါမည်။ လာနိုင်မလာနိုင် အကြောင်းပြန်ပါ ဟု ၄၊ ၇၊ ၂၀၁၀ က ဖုံး sms ပို့လိုက်ရာ ၃၃ ဦးက လာပါမည်ဟု အကြောင်းပြန်၏။ သို့သော် တကယ်လာတက်သူမှာ ၁၅ ဦးသာ ဖြစ်ပါသည်။ ၃ ဦးမှာမူ Yes လည်း မလုပ်၊ No လည်းမလုပ်ပဲ လာတက်ပါ သည်။ ၇ ဦးမှာ register မလုပ်ပဲ လာတက်သူများ ဖြစ်ပါ၏။

ဤသည်ကား ကျွန်တော်တို့မြန်မာများ၏ ထုံးစံပင် ဖြစ်ပါပေတော့သည်။

သင်တန်းမှတ်စုများကို ဆက်လက် တင် သွားပါမည်။ သိလို၊ လေ့လာလိုသူများ download လုပ်ယူနိုင်ပါသည်။

2 comments:

  1. May I know where can I download?

    ReplyDelete
  2. နောက် post ဖြစ်သော download link မှာ ကြည့်ပါခင်ဗျား။

    ReplyDelete