Sunday, November 15, 2009

Miniutes of Meeting for Pyinnyadana

ပညာဒါန

ပြုမည့် အစီအစဉ် ညှိနှိုင်း ဆွေးနွေးပွဲ


၂၅-၁၀-၂၀၀၉ - တနင်္ဂနွေ
KFC, Funan IT Mall (Ground Floor) – Left corner of the entrance
ညနေ ၆ နာရီ

၁။ ဆွေးနွေးပွဲ ရည်ရွယ်ချက်

သင်ကြားမည့် နေရာရွေးချယ်ခြင်း၊ သင်ကြားမည့် ဘာသာရပ် ညှိနှိုင်းခြင်း၊ သင်ကြားပုံ သင်ကြားနည်း စံနစ်များ ဆွေးနွေးခြင်း၊ သင်တန်းကြေး ကိစ္စ ဆွေးနွေးခြင်း၊ Sponsor လုပ်မည့် သူ (တစ်ဦးတစ်ယောက်ထဲ မဟုတ်၊ စေတနာ ရှိသူများအားလုံးပါဝင်) ရှာခြင်း။ သင်ကြားမှု အထောက်အကူ ပစ္စည်းများ စုဆောင်းခြင်း။

၂။ သင်ကြားမည့် နေရာ ရွေးချယ်ခြင်း

လောလောဆယ် TMC တွင် စုံစမ်းထားပါသည်။ သို့သော် အခြားပိုမို ဈေးသက်သာမည့် နေရာများကိုလည်း စုံစမ်းရန် ဖြစ်ပါ၏။ ဥပမာ- NTUC Learning Hub ကဲ့သို့သော သင်တန်းကျောင်းများ တွင် အခန်းရနိုင်မရနိုင်၊ ရနိုင်လျှင် ဈေးနှုံး မည်မျှရှိသည်။

ရွေးချယ်မည့် သင်တန်းခန်းမ သည် -

- အားလုံးအတွက် သွားလာရေးလွယ်ကူခြင်း
- စာသင်ကြားရန် သင့်တော်သော အခန်းဖြစ်ခြင်း
- သင်ကြားမှု အထောက်အကူ ပစ္စည်းများ ရနိုင်ခြင်း
- သင့်လျှော်သော ဈေးနှုံး ဖြစ်ခြင်း

၃။ သင်ကြားမည့် ဘာသာရပ် ညှိနှိုင်းခြင်း

လောလောဆယ် ဘာသာရပ် သုံးမျိုး (သို့မဟုတ်) လေးမျိုး သင်ကြားရန် ရည်ရွယ်ထားပါသည်။
- English
- Computer Application Programs (e.g; Microsoft Office)
- Engineering Mathematics
- Fundamental of Civil Engg. and/or Fundamental of Piping Engineering

ထို့ပြင် အခြား စိတ်ဝင်စားသူများ ရှိပါက AutoCAD, Fundamental of Welding, Fundamental of QA/QC Engineering စသည်များကို လည်း လိုလျှင် လိုသလို တိုးချဲ့ သင်ကြားပေး သွားမည် ဖြစ်ပါသည်။ (ဖြစ်နိုင်ချေ ရှိ၊ မရှိ ဆိုသည်ကို ၀ိုင်းဝန်း ဆွေးနွေး ကြပါရန်)

၎။ သင်ကြားပုံ သင်ကြားနည်း စံနစ်များ ဆွေးနွေးခြင်း

သင်ကြားနည်းကို သင်တန်းဆရာများ စိတ်ကြိုက်ရွေးချယ်ရန် ဖြစ်ပါ၏။ အချိန်တိုအတွင်း သင်ရမည် ဖြစ်၍ မည်ကဲ့သို့ သင်လျှင် ပိုမို ထိထိ ရောက်ရောက် ရှိနိုင်မည်ကို ၀ိုင်းဝန်းဆွေးနွေးကြရန် လိုပါသည်။ သီအိုရီများ ချည်းထက် ပိုမို လက်တွေ့ဆန်သော ချဉ်းကပ်မှုမျိုးဖြင့် သင်လျှင် ပိုမိုစိတ်ဝင်စားနိုင်ပြီး ပိုမို ထိရောက်နိုင်မည် ထင်ပါ၏။ လက်တွေ့ လေ့ကျင့်ခန်း များလည်း ထည့်သွင်းနိုင်ပါသည်။ ဥပမာ - အတန်းထဲတွင်ပင် ခေါင်းစဉ်တစ်ခုကို အင်္ဂလိပ်လို ပြောခိုင်းခြင်း၊ ရေးခိုင်းခြင်း။ ပုစ္ဆာများ တွက်ခိုင်းခြင်း၊ အိမ်စာများ ပေးခြင်း

၅။ သင်တန်းကြေး ကိစ္စ ဆွေးနွေးခြင်း နှင့် Sponsor လုပ်မည့် သူ (တစ်ဦးတစ်ယောက်ထဲ မဟုတ်၊ စေတနာ ရှိသူများ အားလုံးပါဝင်) ရှာခြင်း

အကယ်၍ sponsor လုပ်မည့် စေတနာရှင်များ ပေါ်လာပါက အခန်းငှားခ စသော အခကြေးငွေများအတွက် ကောက်ယူမည့် သင်တန်းကြေးကို ပိုမို လျှော့ချနိုင်ပါလိမ့်မည်။ စကားစပ်၍ သော်လည်းကောင်း၊ တမင်သော်လည်းကောင်း မိမိမိတ်ဆွေများကို ရှင်းလင်းပြောပြကာ sponsor စေတနာရှင် များ ရှာဖွေနိုင်ပါသည်။ (လောလောဆယ် ကျွန်တော့်ကို ကမ်းလှမ်းထားသော ငွေကြေးအလှူရှင် နှစ်ဦး ရှိပါသည်။)

၆။ သင်ကြားမှု အထောက်အကူ ပစ္စည်းများ စုဆောင်းခြင်း၊ ပြုစုခြင်း

များသောအားဖြင့် စာအုပ်စာတမ်းများ ဖြစ်ပါသည်။ မိမိတွင် ရှိပြီးသား စာအုပ်စာတမ်းများ သုံး၍ သင်ကြားနိုင်သလို လိုအပ်လျှင် ၀ယ်ယူ စုဆောင်းနိုင်ပါသည်။ ထိုအထဲမှ မှတ်စုများထုတ်ကာ စာအုပ်ငယ်များအဖြစ် ပြုစုပြီး သင်တန်းသားများ သို့ ဝေငှပေးရန် ဖြစ်ပါသည်။
ကွန်ပြူတာ သင်တန်းအတွက် ကွန်ပြူတာ ရရှိနိုင်မှု အခြေအနေကိုပါ ထည့်သွင်း စဉ်းစားရပါမည်။
ထို့ပြင် လိုအပ်လျှင် စီဒီများ၊ ဗီစီဒီများလည်း ဖြန့်ဝေလိုက ဖြန့်ဝေနိုင်ပါသည်။ ဥပမာ - အင်္ဂလိပ်စကားပြော စီဒီများ၊ အင်္ဂလိပ် - မြန်မာ အဘိဓါန်များ၊ Engineering Tools formula and Templates စသည်။

၇။ သင်တန်းကာလ နှင့် အချိန်

သင်တန်းကာလကို သုံးလ ဟု အကြမ်းဖျဉ်း ခန့်မှန်းထားပါသည်။ သုံးလနှင့် လုံလောက် မလောက် ဆွေးနွေးကြရန် ဖြစ်ပါ သည်။ သင်တန်းချိန်ကို နေ့လည် ၁ နာရီ မှ ၄ နာရီ (သို့မဟုတ်) ၂ နာရီမှ ၅ နာရီ ထိဟု စဉ်းစားထားပါသည်။ သို့သော် သင်တန်းသားများမှာ တနင်္ဂနွေ အချိန်ပိုဆင်းရလျှင် လုပ်ခ နှစ်ဆရမည်ဖြစ်၍ အလုပ်ဖျက်နိုင် မဖျက်နိုင်ကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါသည်။ ညပိုင်း သင်လျှင် ဖြစ်နိုင်မည်လား၊ သင်တန်းဆရာများ အနေနှင့် ကိုယ်ပိုင်အချိန်များ ပေးရများလွန်း နေမည်လား စသည်တို့ကို ချင့်ချိန် စဉ်းစားကြရန် ဖြစ်ပါသည်။ ညပိုင်း ဆိုလျှင် ညနေ ၆ နာရီမှ ၉ နာရီ ထိ ဖြစ်နိုင်ပါသည်။

၈။ အထွေထွေ

အခမဲ့ ဟု ကျွန်တော်တို့ ကြေငြာလိုက်လျှင် လုံးဝ အခမဲ့ ဖြစ်သင့်ပါ၏။ သို့မဟုတ်ပါက သင်တန်းခန်းမကြေး၊ စာအုပ်စာတမ်း ကြေးစသည်များကို သင်တန်းသားများက ကျခံရန် ဖြစ်ပြီး မည်မျှ ဆိုသည်ကို စကြေငြာကတည်းက ထည့်သွင်း ဖော်ပြထား သင့်ပါသည်။
အခြား အကြံဉာဏ်များရှိလျှင် ဖြည့်စွက် ဆွေးနွေးရန် ဖြစ်ပါ၏။

မှတ်ချက်။ ။ ကျွန်တော် မြန်မာပြည်သို့ နိုဝင်ဘာ ၁၆ ရက်နေ့မှ ဇန္န၀ါရီ ၇ ရက်နေ့ထိ ခွင့်ပြန်ပါဦးမည်။ ၂၀၁၀၊ ဇန္န၀ါရီ ၈ ရက်နေ့တွင် ပြန်လာပါမည်။ သင်တန်းကို ၂၀၁၀ ဇန္န၀ါရီ ၁၀ ရက်နေ့ စတင်ရန် ဖြစ်ပါသည်။ သင်တန်းစမည့် နေ့ရက်ကို ၀ိုင်းဝန်း ဆွေးနွေးကြရန် ဖြစ်ပါသည်။

အားလုံးကို ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၄-၁၀-၀၉ (စနေနေ့)

No comments:

Post a Comment