Sunday, November 15, 2009

History of Pyinnyadana

ပညာဒါန ပြုကြသူငါ
(၁၇-၁၀-၀၉)

ဒီလိုဗျ။ ဒီနေ့ (၁၇-၁၀-၀၉) ရုံးပိတ်ရက်ပေမဲ့ အရေးကြီးတဲ့ အလုပ်ကလေးတွေ ရှိနေတာနဲ့ အလုပ်ကို ခဏ သွား ကြည့်တယ်။ စိတ်ချရပြီ ဆိုတော့ ပြန်ဘို့ ပြင်တယ်။ ဘုတ်က ၉ နာရီခွဲ တစ်စီး၊ ၁၂ နာရီ တစ်စီး၊ ၃ နာရီ တစ်စီး ဆိုတော့ အနီးဆုံး ဖြစ်တဲ့ ၉ နာရီ ခွဲ နဲ့ပြန်မယ်လို့ ၉ နာရီ ၁၅ လောက်ဆင်းခဲ့ပေမဲ့ ဘုတ်က လူပြည့်သွားပြီ ဆိုပြီး ထွက်သွားလို့ မမီလိုက်တော့ဘူး။

ကျွန်တော်နဲ့ အကြံတူတွေ ဖြစ်တဲ့ ဦးလှဌေးနဲ့ ဦးနေမင်းဟိန်းလဲ ကျွန်တော့်လိုပဲ အောင်မြင်စွာ တပ်ခေါက်ခဲ့ရတယ်။ နောက် တစ်ဘုတ် ထပ်စောင့်ပေါ့။ နောက်တစ်ဘုတ်ကျတော့ သိပ်နောက်ကျလို့ မဖြစ်တော့ဘူး။ ဒီတစ်ခေါက် လက်လွတ်သွား ရင် ညနေ ၃ နာရီထိ စောင့်ရတော့မှာ။ ဒါနဲ့ ၁၁ နာရီ ၁၅ လောက်ဆင်းခဲ့တော့ အား - ပါး - ပါး။ ကိုယ်နဲ့ အကြံတူတွေ သိပ်များ နေသကိုး။ စင်္ကြန်တလျှောက် တန်းစီးနေတဲ့ လူတန်းကြီးကို တစ်မျှော်တခေါ်ကြီး တွေ့ရတယ်။ အားလုံးက camp ထဲမှာ နေကြသူတွေ။ သူတို့လည်း ပိတ်ရက် ဆိုတော့ အပြင် ထွက်ချင်ကြပေမပေါ့။

ဒါပေမဲ့ ကျွန်တော်တို့က အလုပ်လာတဲ့သူတွေ ဆိုတော့ သူတို့နဲ့ ရောတန်းစီစရာ မလိုဘူး။ တစ်တန်း သပ်သပ် စီရတယ်။ အဲဒီအတန်းမှာတော့ လူသိပ်မများသေးပါဘူး။ လေးငါးခြောက်ယောက်ပဲ ရှိပါသေးတယ်။ ဘုတ်စောင့်ရင်း ဦးလှဌေးက သူတွေ့ခဲ့ကြုံခဲ့ရတဲ့ တိုင်းရင်းသားပြောင်းတဲ့ သူတွေအကြောင်း (တိုင်းရင်းသားပြောင်းခြင်း နှင့် နိုင်ငံသား ပြောင်းခြင်းကို မရောကြပါနှင့်။ တိုင်းရင်းသားပြောင်းကြသူများ အကြောင်း နောက်မှ စာတစ်ပုဒ် သပ်သပ် ရေးပါမည်။ အလွန် စိတ်ဝင်စားစရာ ကောင်းသော အကြောင်းအရာများနှင့် ပြည့်နှက်နေပါ၏) ပြောပြတယ်။ သူ့ပုံပြင်တွေကို ကိုစိုးရဲက လိုက်ထောက် ပေးတယ်။ ကိုယ်လည်း မနေနိုင်တော့ဘဲ ဒါဖြင့်ဗျာ၊ နောက် အားတဲ့အခါ အဲဒါလေးတွေ ပြောပြပါဦး လို့ လုပ်လိုက်ရတယ်။ ဘုတ်ပေါ်မှာလည်း ဆက်ပြောကြတာပေါ့။

ဦးနေမင်းဟိန်းနဲ့ ကျွန်တော်က နေတာ တစ်ရပ်ကွက်ထဲ။ ဆိုတော့ ဘတ်စ်ကားစီးတော့လည်း အတူတူပေါ့။ သူနဲ့ ကျွန်တော် ဘတ်စ်ကား အတူတူစီးရင်း စကားစနေ ပြောလာတာပေါ့။ ဒီမှာတင် ဦးဟိန်းက သူ့အာသီသ လေးကို ကျွန်တော့် ပြောပြတယ်။ (သူ့ထုံးစံအတိုင်း ရီစရာလေးတွေလည်း ပါတာပေါ့။)
သူက ကျောင်းဆရာလူထွက် ဆိုတော့ စာသင်ရတာ ၀ါသနာပါတယ်။ (ကျွန်တော်ကလည်း သူ့လိုပဲ။ ကျောင်းဆရာ လူထွက် ဆိုတော့ သူများကို ဆရာမှ နည်းနည်းလောက် မလုပ်လိုက်ရရင် စားမ၀င် အိပ်မပျော်တတ်တဲ့ ရောဂါ ရှိတယ်။) ဆိုတော့ သူက စင်ကာပူရောက်နေတဲ့ ဗမာတွေကို ပိုပြီး အရည်အချင်းမြင့်တဲ့ ထူးချွန်ထက်မြက်တဲ့ သူတွေ ဖြစ်လာအောင် စာသင်ပေးချင်တယ်။ တစ်နေ့တစ်နေ့ အလုပ်လုပ်ရင်း ကုန်ကုန်သွားရတာ (ကြီးကြီးကျယ်ကျယ် ပြောရရင်) ဒီ့ထက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ဘ၀ တစ်ခု တည်ဆောက်ချင်တယ် ပေါ့ဗျာ။
တစ်နည်းအားဖြင့် ကျွန်တော်တို့ ရဲ့ အတတ်ပညာတွေ သူတို့ကို ပြန်လည်မျှဝေ ဒါန ပြုရသော် ကောင်းလေစွ လို့ တိုင်ပင်ကြတယ်။ ကျွန်တော်လည်း စိတ်ဝင်စားတယ်။
အမှန်ပြောရရင်ဗျာ။ ကျွန်တော် တရားဝင်မဟုတ်၊ လူသိရှင်ကြားသာ မဟုတ်တာ။ ကိုယ့်ဟာနဲ့ကိုယ် ကောင်လေးတွေ ကို ခေါ်ပြီး တိုစိတိုစိ နဲ့ သင်ပေးခဲ့တာတွေ တော်တော်များနေပါပြီ။ ဟိုးအရင် ကနေဒါသွားမဲ့ ကောင်လေးတွေကို ပိုက်ပြင်ပိုက် ဆက်နဲ့ (Pipe Fitting and Fabrication) ပတ်သက်တာတွေ။ ဂဟေဆော်တာ (Welding) တွေနဲ့ ပတ်သက်တဲ့ သီအိုရီတွေ၊ အခြေခံ အင်္ဂလိပ်စာ တွေ။ ဒါ့အပြင် ကိုစောဝေ အမျိုးသမီး အပူကပ်လို့ သူ့သားနဲ့ သူငယ်ချင်း နှစ်ယောက်ကို GCE’O’ မြန်မာစာ သင်ပေးရတာတွေ စသဖြင့်ပေါ့။
တိုတိုပြောရရင်။ ကျွန်တော်တို့ စင်ကာပူမှာ လာပြီး အလုပ်လုပ်နေတဲ့ ကောင်လေးတွေကို စာသင်ပေးချင်တယ်။

ဦးနေမင်းဟိန်းက ၂ ဘာသာ သင်ပေးနိုင်တယ်။
(သူက ကွန်ပြူတာ အခြေခံ Application Software တွေ ဖြစ်တဲ့ Word, Excel, Power Point) တွေရယ်။ Report ရေးနည်း၊ စံနစ်တကျ Data Entry လုပ်နည်း စသဖြင့်ပေါ့။ ဒါ့အပြင် သူက ဆောက်လုပ် ရေး အင်ဂျင်နီယာ ဆိုတော့ ဆောက်လုပ်ရေး အခြေခံပညာရပ်တွေပါ သင်ပေးနိုင်တယ်။)


ကျွန်တော်ကလည်း ၂ ဘာသာလောက် သင်ပေးနိုင်တယ်။
(ကျွန်တော်က Engineering Mathematics နဲ့ Piping Engineering ကို သင်ပေးနိုင်တယ်။ Pipe Fitter တွေ သိသင့် သိထိုက် တဲ့ ဟာတွေ။ Piping Engineer တွေ သိထားရမဲ့ ဟာတွေ။ Welder တွေ သိထားရမဲ့ အခြေခံ ဗဟုသုတ တွေ ကို သင်ပေးချင်တယ်။ ကျွန်တော်က ပိုက်နဲ့ လုပ်လာတာ ဆယ်နှစ်ကျော်ပြီ။ ၀ါသနာအရ စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေ လည်း အများကြီး ရှိတယ်။ ပိုက်နဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ်ရေးအုံးမယ်။ ခုလောလောဆယ် ရေးနေတဲ့ စာအုပ်ပြီးရင် ဆက်ရေးဘို့ပဲ။)

ကျန်တဲ့ တစ်ယောက်လောက် ပါလာရင် ပိုပြီး အဆင်ပြေမယ်။
(သူ့ကျတော့ အင်္ဂလိပ်စာ၊ အရေး၊ အဖတ်၊ အပြော၊ နားထောင် လေးမျိုးလုံးကို သင်ပေးမယ် ပေါ့။)

အဲဒီလို သုံးယောက်လောက် သင်လိုက်ရရင် တော်တော် စုံတဲ့ သင်တန်းလေး ဖြစ်သွားမယ်။
ခု စင်ကာပူမှာ လာပြီး အလုပ်လုပ်နေတဲ့ ဗမာတွေ တော်တော်များနေပြီ။ ပညာတတ်တဲ့သူတွေလည်း ပါ။ အခြေခံအဆင့် လောက်ပဲ တတ်တဲ့သူတွေလည်း ပါပေါ့။ သေချာတာကတော့ အခြေခံပညာ အဆင့်နဲ့လာတဲ့ သူတွေ ပိုများတယ် ဆိုတာပါပဲ။

အဲဒီသင်တန်းလေးသာ ဖြစ်သွားရင် (ကိုယ့်ဘ၀ တက်လမ်းအတွက် လေ့လာချင်တဲ့) ဗမာတွေအတွက် တော်တော်လေး အကျိုးများလိမ့်မယ် လို့ မျှော်လင့်ပါတယ်။

တကယ်လုပ်ဖြစ်မယ် ဆို တနင်္ဂနွေနေ့တိုင်း တစ်နေ့ကို သုံးနာရီ သင်မယ်။ (ဆရာသုံးယောက် တစ်ယောက်ကို တစ်နာရီ)
သင်မဲ့အခန်းကို ငှားမယ်။ (အခန်းငှားဘို့ ကျွန်တော့်တာဝန်ထား၊ အရင် ကနေဒါသွားမဲ့ ကောင်လေးတွေ သင်တုံးက ကျွန်တော် TMC မှာ အခန်းငှားပြီး သင်ပေးဖူးတယ်။ သူက ကျောင်းဆိုတော့ Teaching Facility အပြည့်အစုံ ရှိတယ်။ ဈေးလည်း သိပ်မဆိုးဘူး ဆိုရမယ်။ အခန်းငှားခကိုတော့ သင်တန်းလာတက်တဲ့ သူတွေကို မျှဝေခံစားကြဘို့ ပြောပြရမှာပေါ့။ ကျွန်တော်တို့က အလကား သင်ပေးမယ်။)
စီးတီးဟောမှာ ကြေငြာပြီး ကျွန်တော် ဗမာပြည်က ပြန်လာတဲ့ အချိန် (၂၀၁၀ ဇန္န၀ါရီ လဆန်းလောက်) စချင်တယ်။

ဆိုလိုတာက သင်ပေးမဲ့ ဆရာသုံးယောက်မှာ ကျွန်တော်နဲ့ ဦးနေမင်းဟိန်း အပြင် နောက်တစ်ဦး (အင်္ဂလိပ်စာ ဆရာ) လိုတယ်။ ကျွန်တော်တို့နဲ့ စိတ်တူ၊ ကိုယ်တူ သင်ချင်သူတွေကို ဖိတ်ခေါ်ပါတယ်။

နောက်တစ်ယောက်ရပြီ ဆိုတာနဲ့ ကျွန်တော်တို့ ကိုယ်သင်မဲ့ ဘာသာတွေကို စပြီး သင်ရိုးညွှန်းတမ်း ရေးမယ်။ တစ်နေ့ တစ်နာရီ နဲ့ သုံးလ အတွက် ၁၂ နာရီ စာ ဆိုပါတော့။

လုပ်ပါဗျာ။ တစ်နေ့ စာသင်ချိန် တစ်နာရီ၊ သွားတာလာတာ တစ်နာရီထား။ တစ်ပတ်ကို နှစ်နာရီလောက် ကိုယ်ပိုင် အချိန်ထဲက အများအကျိုးအတွက် မျှပေးချင်တဲ့သူများကို ဖိတ်ခေါ်ပါတယ်။ ဒါလေး ဖြစ်သွားရင်တော့ တော်တော်ကောင်းမယ် ထင်တယ်။

ဒီနေ့ညနေ ကျွန်တော် စီးတီးဟောမှာ စာသွားရွေးဘို့ ရှိတယ်။ အဲဒီသွားရင်းနဲ့ (ဖွင့်သေးရင်) ကျောင်းကိုပါဝင်ပြီး အခန်းငှားခ ဘာညာ စုံစမ်းခဲ့မယ်။ သတင်းပလင်း ရရင် အကြောင်းကြားလိုက်မယ်။

ကျွန်တော်တို့မှာ နှစ်ပေါင်းများစွာက စုဆောင်းထားတဲ့ Template တွေရှိတယ်။ သူတို့ကို ပေးပြီး ဒါတွေ ဘယ်လို သုံးရမလဲ ပြပေးလိုက်ရင် တော်တော် ခရီးရောက်မယ်။

စိတ်ဝင်စားတဲ့သူတွေ ကျွန်တော့်ကို ကျေးဇူးပြုပြီး ဆက်သွယ်ပေးပါ။

အေးငြိမ်း
97303027

No comments:

Post a Comment