Sunday, August 1, 2010

ပညာဒါနသင်တန်းများ အခြေအနေ

ပညာဒါနသင်တန်းတွေဖွင့်ပြီး သင်လာလိုက်တာ ခု ဒုတိယသင်တန်းရဲ့ ၄ ချိန်မြောက် ပြီးသွားပါပြီ။
အင်း၊ ဒီပုံနဲ့ ဆရာ့ကျပမ်းစကားပြောပွဲက ဖြစ်ပါ့မလား။ နောက်ဆုံးအချိန်ဆို တစ်ယောက်မှတောင် ကျန်ပါ့ မလားမသိဘူး ဟု အင်္ဂလိပ်စာ ဆရာမ ဒေါ်ခိုင်ခိုင်အောင်က ပြောပါတယ်။
ဒီအခြေအနေကို ကျွန်တော် အတော်လေးစိတ်ပျက်မိပါတယ်။
ပထမဆုံး အချိန်က ၂၅ ယောက်၊ ဒုတိယအချိန်မှာ ၁၆ ယောက်၊ သိပ်မဆိုးလှသေး။ ၃ ချိန်မြောက် ရောက်လာတော့ ၁၀ ယောက်လောက်၊ ခု ၄ ချိန်မြောက်မှာ ၇ ယောက်၊ ၅ ချိန်ကျရင် ၃ ယောက်၊ နောက်ဆုံးချိန်လဲကျရော ၁ ယောက် (စာသင်တဲ့ ဆရာမကိုယ်တိုင်) ဖြစ်မယ်ထင်တယ်။



တကယ်ဆို ဒီနေ့ ကျွန်တော် သိပ်တောင် နေကောင်းလှတာ မဟုတ်ဘူး။ နှာရည်တွေ တောက်လျှောက်ကျနေပြီး တစ်ချိန်လုံး တစ်ဖြီးဖြီးနဲ့ နှာချေနေတာ အားလုံးအတွေ့ပဲ။ ဒါပေမဲ့ တစ်ပတ်မှ တစ်ရက်ပဲရတာ ဆိုတော့ ကျွန်တော် မဖျက်ချင်လို့ ကိုယ့်ကိုယ်ကိုယ် အတင်းမောင်းပြီး ၂ နာရီဆက်တိုက် သင်လိုက်တာ။ (ဆရာဟိန်းက အချိန်ပိုဆင်းနေရလို့ မလာနိုင်ဘူး။ သူ့အစား ကျွန်တော်ပဲ သင်လိုက်တယ်။)

ကျွန်တော်တို့ကသာ အားတက်သရော ဘာတွေလုပ်လိုက်မယ်၊ ညာတွေလုပ်လိုက်မယ်နဲ့။ လက်တွေ့မှာ ကိုယ်ထင်သလိုဖြစ်မလာဘူး။ ပထမသင်တန်းတုံးက သိပ်မဆိုးလှဘူး။ ဒါပေမဲ့ ခု တော်တော်ဆိုးတယ်။

ဒီတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ ငါလုပ်နေတာ ဟုတ်ရောဟုတ်ရဲ့လား၊ အကျိုးရော ရှိရဲ့လား ပေါ့။ ဒီလို ကိုယ်စိုက်ထုတ်လိုက်ရတဲ့ ခွန်အား၊ ဉာဏ်အား၊ ပိုက်ဆံ၊ ပေးလိုက်ရတဲ့အချိန်တွေ နဲ့ ပြန်ရတဲ့ (ပြန်ရတဲ့ ဆိုတာ ကျွန်တော်တို့ကိုယ်ကျိုးကို ပြောတာမဟုတ်ဘူး။ သင်ပေးလိုက်တဲ့ သူတွေ ရသွားတဲ့ result ကို ပြောတာ။) အကျိုးကျေးဇူး မမျှရင် ဘာလုပ်မှာလဲ။ မဟုတ်ဘူးလား။

လူအရေအတွက်သာ များသလိုဖြစ်နေတာ။ တကယ်တန်း attendance ကို လေ့လာကြည့်လိုက်ရင် ကြိုးစား ပမ်းစားသင်ယူနေတာက ၅ ယောက်ထက် မပိုဘူးဆိုတာ တွေ့ရလိမ့်မယ်။ အဲဒီ ၅ ယောက်မှာလဲ အများစုက ပထမသင်တန်းတုံးက ဆိုတာ တွေ့နိုင်တယ်။

ပညာဒါနသင်တန်းတွေ ဖွင့်တော့မယ်။ စာရင်းပေးကြပါ ဆိုတော့ sms ပို့လာတာ ၂၀၀ ကျော်။ သင်တန်း ဘယ်နေ့မှာဖွင့်မယ်၊ တက်ချင်ရင် အကြောင်းပြန်ပါ ဆိုတော့ ၅၀ နီးပါး အကြောင်းပြန်တယ်။ တကယ်လာတော့ ၂၃ ယောက်ပဲ လာတယ်။ နောက်ဆုံး သင်တန်းဆင်းတော့ ၁၅ ယောက်။

ပထမသင်တန်းပြီးသွားတော့ အခန်းမရလို့ နောက်သင်တန်းဖွင့်ဘို့ရာ ကျွန်တော့်မှာ ဟိုဖုံးဆက်၊ သည်ဖုံးဆက်၊ အင်တာနက်မှာရှာလို့တွေ့တဲ့ အခန်းမှန်သမျှ ဖုံးဆက်၊ သွားကြည့်။ ဟိုလူ့မေး၊ သည်လူ့မေး။ ဒါလဲ ကျွန်တော့်ရူးသွပ်ခြင်းတစ်မျိုးပဲ လို့ ဒီလိုပဲ ခံစားမိတယ်။

ဒီတော့ ဒီ ပညာဒါနသင်တန်းတွေကို ဒီမျှနဲ့ပဲ ရပ်လိုက်တာကောင်းမယ်။ ကိုယ်ပေးချင်ပေမဲ့ ယူမဲ့လူမှ မရှိတာ။ ဘယ်တတ်နိုင်မလဲ။ ကိုယ့်ဟာကို စာဖတ်၊ စာရေးလုပ်နေတာ ဒါ့ထက်ပို အကျိုးရှိလိမ့်မယ်လို့ ဒီလိုပဲ ယူဆမိပါတယ်။

ဒီ့အတွက် တက်ချင်သူတွေ Sembawang ဆရာတော်နဲ့ ကိုသက်နိုင်တို့ပေးနေတဲ့ သင်တန်းတွေ သွားတက် ကြပါ။ ကျွန်တော်တော့ မိတ်ဆွေ ဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်ပြီး ဒီသင်တန်းကို ရပ်လိုက်ပါတော့မယ်။

အားနာစွာဖြင့်
အေးငြိမ်း
၁-၈-၂၀၁၀

4 comments:

  1. I am sorry, to hear that.

    ReplyDelete
  2. Pls, don't make this decision. This class is really GOOD for US. We r working in Engineering Field.So,sometimes, we need to work on Sunday. Really no choice !Sorry for not apply for leave.
    Thanks you very much for all of ur efforts.
    Keep on go ahead pls. Long Live ပညာဒါနသင်တန်း !!!

    With Best Regard!

    ReplyDelete
  3. မလာ၊လာအောင် ကော်ဖီတိုက်ပြီး စည်းရုံးမယ်ဗျို့။ ကိုကြီးနေမင်းဟိန်း နဲ့ တိုင်ပင်ပြီးပြီ။ နောက်တစ်ခါ ဒံပေါက်ကျွေးပြီး စည်းရုံးအုန်းမယ်။း)

    ReplyDelete
  4. so sorry news . i really like attending that class .

    ReplyDelete